3 ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
4 အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။
5 သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။
6 ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။
7 ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
8 ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။
9 ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။