1 မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
2 ``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
3 ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည်ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
4 မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
5 ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
6 မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။
7 ငါ၏လူမျိုးတော်ကငါ့အား`ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
8 ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။အဘယ်ကြောင့်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
9 အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
10 ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
11 ထာဝရဘုရားက ငါ့အား``သင်သည်ထိုသူ တို့ကိုကူမရန်ငါ့အားမလျှောက်ထားနှင့်။-
12 အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
13 ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
14 သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
15 ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
16 သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
17 ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက်များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
18 လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည်မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
19 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင်အဘယ်ကြောင့်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကိုစောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
20 အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်နှင့်ဘိုးဘေးများ၏အပြစ် များကို ဖော်ပြဝန်ခံပါ၏။ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ပြစ်မှားကြပါပြီ။
21 ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့်ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
22 လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့်ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။