1 ဤသည်ကားယေရမိထံသို့ထာဝရဘုရား မိန့်ဆိုသောစကားဖြစ်၏။-
2 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
3 အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
4 ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
5 ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
6 မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။အမျိုးသားသည်သားဖွား၍ရနိုင်သလော။သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
7 ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။-
9 မိမိတို့၏ဘုရားသခင်ငါထာဝရဘုရား၏ အမှုတော်ကိုလည်းကောင်း၊ သူတို့၏ဘုရင် အဖြစ်ငါခန့်ထားမည့်ဒါဝိဒ်မင်းဆက်၏ အမှုတော်ကိုလည်းကောင်းထမ်းဆောင်ရကြ လိမ့်မည်။
10 ``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
11 ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်းအပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
12 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
13 သင်တို့အားကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။သင်တို့အနာများအတွက်လည်းဆေး တစ်စုံတစ်ရာမျှမရှိသဖြင့်သင်တို့သည်မိမိတို့အနာရောဂါပျောက် ကင်းမှုအတွက် မျှော်လင့်ရာမဲ့ချေပြီ။
14 သင်တို့၏ချစ်ခင်သူများသည်သင်တို့အား မေ့ပျောက်၍ သွားကြလေကုန်ပြီ။သူတို့သည်ဂရုမစိုက်ကြတော့ပေ။သင်တို့အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည် ကြီးမားလှသဖြင့်ငါသည်ရန်သူသဖွယ်သင်တို့အားဒဏ်ရာရ စေခဲ့၏။သင်တို့ခံရသည့်အပြစ်ဒဏ်သည်ပြင်းထန်၏။
15 သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့်ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။
16 ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
17 သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်းငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။သင်တို့၏အနာများကိုကျက်စေမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
18 ထာဝရဘုရားက၊``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
19 ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
20 ငါသည်ဤပြည်အားရှေးအခါကရရှိခဲ့သည့် တန်ခိုးအာဏာကိုပြန်လည်ပေး၍ထိုတန်ခိုးအာဏာကိုလည်းတည်တံ့ခိုင်မြဲ စေမည်။သူတို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းကိုငါ အပြစ်ဒဏ်ခတ်မည်။
21-22 သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
23-24 ကိုယ်တော်၏အမျက်တော်သည်သူယုတ်မာ တို့၏ဦးခေါင်းထက်တွင် တိုက်ခတ်သည့်လေ ပြင်းမုန်တိုင်းနှင့်တူ၏။ ထိုအမျက်တော်သည် ကိုယ်တော်ကြံစည်တော်မူသမျှသောအမှု များမပြီးမချင်းပြေငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ်တော်၏လူမျိုးတော်သည် နောင်လာလတ္တံ့သောနေ့ရက်များ၌သိရှိ နားလည်လာကြလိမ့်မည်။