1 ထာဝရဘုရားက``ငါသည်ဣသရေလအနွယ် ဝင်အပေါင်း၏ဘုရားဖြစ်လျက်သူတို့သည် လည်း ငါ၏လူမျိုးတော်ဖြစ်လာကြမည့်နေ့ ရက်ကာလသည်ကျရောက်လာလိမ့်မည်။-
2 ငါသည်တောကန္တာရ၌အသက်ဘေးမှလွတ် မြောက်လာကြသူတို့အား ကရုဏာပြခဲ့၏။ ဣသရေလပြည်သားတို့သည်နားနေခွင့်ကို တောင့်တကြသောအခါ၊-
3 ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-
4 သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
5 ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
6 `လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
7 ထာဝရဘုရားက၊``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့်ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။`ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသောထောမနာသီချင်းကိုသီဆိုကြလော့။
8 ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန်နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
9 သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ်ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊သူတို့ခြေချော်၍မလဲစေရန်လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
10 ``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
11 ငါသည်ဣသရေလအမျိုးသားတို့အား ကျွန်ဘဝမှ လွတ်မြောက်စေလေပြီ။သူတို့အားတန်ခိုးကြီးသည့်လူမျိုးလက်မှ ရွေးနုတ်ကယ်တင်ခဲ့လေပြီ။
12 သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ငါချပေးသည့်ကျေးဇူးများဖြစ်သောဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
13 ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊သူတို့၏ဝမ်းနည်းခြင်းကိုနှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
14 ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
15 ထာဝရဘုရားက၊``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။
16 ``သင်သည်ငိုကြွေးမှုကိုရပ်စဲ၍ မိမိမျက်ရည်များကိုသုတ်လော့။သားသမီးများအတွက်သင်ပြုခဲ့သည့်အမှု အပေါင်းသည်အချည်းနှီးဖြစ်ရလိမ့်မည် မဟုတ်။ထိုသူတို့သည်ရန်သူ့ပြည်မှပြန်လာကြလိမ့် မည်'' ဟု ထာဝရဘုရားမိန့်ဆို၏။
17 အနာဂတ်ကာလအတွက်သင့်မှာမျှော်လင့် စရာရှိ၏။သင်၏သားသမီးများသည်အိမ်သို့ပြန်လာ ကြလိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
18 ``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။`အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အားစကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
19 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက်ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့်အရှက်ရ၍အသရေပျက်ရကြပါ၏။'
20 ``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
21 မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။
22 သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
23 ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊`ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသောယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟုသူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
24 လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
25 ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
26 သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
27 ``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
28 ငါသည်ဂရုပြု၍သူတို့အားနုတ်ပယ်ဖြိုချ၊ မှောက်လှန်ဖျက်ဆီး၊ ပျက်ပြုန်းစေခဲ့သည်နည်း တူတစ်ဖန်ပြန်၍ပြုစုပျိုးထောင်တည်ဆောက် ၍ပေးမည်။-
29 ထိုအချိန်ကာလကျရောက်လာသောအခါ`မိဘတို့သည်စပျစ်ချဉ်သီးကိုစား၍သား သမီးများ သွားကျိန်းလျက်ရှိကြ၏'ဟူသောဆိုရိုးစကားကိုလူတို့ပြောဆိုကြ တော့မည်မဟုတ်။
30 စပျစ်ချဉ်သီးကိုစားသူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်သွားကျိန်းရကြလိမ့်မည်။ လူတိုင်းပင် မိမိတို့အပြစ်အတွက်သေရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31 ထာဝရဘုရားက``ငါသည်ဣသရေလပြည် သားများ၊ ယုဒပြည်သားများနှင့်ပဋိညာဉ် သစ်ဖွဲ့မည့်အချိန်ကာလကျရောက်လာလိမ့် မည်။-
32 ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။-
33 သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
34 ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
35 ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။
36 ကိုယ်တော်သည်ဣသရေလနိုင်ငံအားသဘာဝဋ္ဌမ္မတည်ရှိသရွေ့ကာလပတ် လုံး တည်စေရန်ကတိပြုတော်မူ၏။
37 လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ကိုယ်တော်သည်ဣသရေလပြည်သားတို့ အားသူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
38 ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-
39 နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
40 လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။