10 ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
11 ထာဝရဘုရားက ငါ့အား``သင်သည်ထိုသူ တို့ကိုကူမရန်ငါ့အားမလျှောက်ထားနှင့်။-
12 အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
13 ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
14 သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
15 ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
16 သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။