5 လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
6 သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
7 ``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
8 အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
9 မောဘပြည်အတွက်သင်္ချိုင်းကမ္ပည်းကျောက်တိုင် စိုက်ထူကြလော့။ထိုပြည်သည်မကြာမီပျက်စီးရလိမ့်မည်။ထိုပြည်ရှိမြို့များသည်ပျက်စီး၍လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။''
10 (ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
11 ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။