1 သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့သည် ပြစ်မှားသောအပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။
2 ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကိုစေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
3 ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက်သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည်မများပါဟု လျှောက်သည်နှင့်အညီ၊
4 လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ရှေ့မှာ ပြေးရကြ၏။
5 အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို၍ ရေကဲ့သို့ ဖြစ်လေ၏။
6 ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7 ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။