1 ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ်အနောက်ဘက်၌ နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ၏။
2 ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း၊
3 ယောရှုသည် ကျောက်ထားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
4 ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။
5 ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး။
6 အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။
7 သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
8 လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။
9 ထားဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
10 ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင် တပ်ချ၍၊ ထိုလတဆယ်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ၏။
11 ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်းတွင် စားရကြ၏။
12 ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံ့ကို စားရကြ၏။
13 ယောရှုသည် ယေရိခေါမြို့အနားမှာရှိနေစဉ် မြော်ကြည့်၍၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့ သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌နေသောသူလောဟုမေးသော်၊
14 ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာပြပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊
15 ထာဝရဘုရား၏ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ်မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြုလေ၏။