19 ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊
20 အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊
21 လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
22 ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
23 တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုးသားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားကြ၏။
24 ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊
25 ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက်တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။