5 ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။
6 ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။
7 ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။
8 ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။
9 သို့သော် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနှင့် ပညတ်တရားကြောင့် ခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုအရာတို့သည် အကျိုးမဲ့၍ အချည်းနှီးဖြစ်ကြ၏။
10 ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။
11 ထိုသို့သောသူသည် ဖောက်ပြန်လွဲမှားသောသူဖြစ်ပြီး မိမိမှားယွင်းနေကြောင်းသိလျက်နှင့် အပြစ်ပြုနေသူဖြစ်ကြောင်း သိမှတ်လော့။