4 လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
5 အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။
6 ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။
7 ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
8 သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
9 ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ
10 ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။