1 ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
2 ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
3 ငါတို့သည် ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ကိုယ်တော်အား ငါတို့သိကျွမ်းသည်ကိုသိကြ၏။
4 ကိုယ်တော်ကို ငါသိကျွမ်း၏ဟုဆိုလျက် ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းခြင်းမရှိသောသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌မရှိ။
5 သို့ရာတွင် မည်သူမဆို ကိုယ်တော်၏စကားကို လိုက်နာစောင့်ထိန်းလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ထိုသူ၌ အမှန်ပင်ပြည့်စုံ၏။ ဤသို့ဖြင့် ငါတို့သည် ကိုယ်တော်၌ရှိသည်ကို သိကြ၏။
6 ကိုယ်တော်၌ ငါတည်၏ဟုဆိုသောသူသည် ကိုယ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။
7 ချစ်ရသောသူတို့၊ သင်တို့ထံ ငါရေးလိုက်သောပညတ်သည် ပညတ်သစ်မဟုတ်။ အစအဦးကပင် သင်တို့၌ရှိသော ပညတ်ဟောင်းသာဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်တို့ကြားခဲ့ရသော နှုတ်ကပတ်တော်ဖြစ်၏။