ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5 MSB

1 ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ယုံ​ကြည်​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်​ဖွား​စေ​တော်​မူ​သော​အ​ရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အ​ရှင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။

2 ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​လျှင် ထို​အ​မှု​အ​ရာ​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

3 ဘု​ရား​သ​ခင်​ကို​ချစ်​ခြင်း​ဆို​သည်​မှာ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​လည်း စောင့်​ထိန်း​ရန်​ခဲ​ယဉ်း​သည်​မ​ဟုတ်။

4 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​တိုင်း​သည် လော​က​ကို​အောင်​နိုင်​၏။ လော​က​ကို​အောင်​နိုင်​သော အောင်​ပွဲ​မှာ ငါ​တို့​၏​ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​၏။

5 မည်​သူ​သည် လော​က​ကို​အောင်​နိုင်​သ​နည်း။ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံ​ကြည်​သော​သူ​ပင်​မ​ဟုတ်​လော။

သက်​သေ​ခံ​တော်​မူ​ချက်​၏​သေ​ချာ​မှု

6 ယေ​ရှု​ခ​ရစ်​တော်​သည် ရေ​နှင့်​သွေး​အား​ဖြင့် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​၏။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အား​ဖြင့်​ကြွ​လာ​တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည် သက်​သေ​ခံ​သော​အ​ရှင်​ဖြစ်​၏။ အ​ကြောင်း​မှာ ဝိ​ညာဉ်​တော်​သည် သမ္မာ​တ​ရား​ဖြစ်​တော်​မူ​၏။

7-8 ဝိ​ညာဉ်​တော်၊ ရေ၊ သွေး​တည်း​ဟူ​သော သက်​သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တ​ညီ​တ​ညွတ်​တည်း​ဖြစ်​ကြ​၏။

9 ငါ​တို့​သည် လူ​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​ကြ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​သက်​သေ​ခံ​တော်​မူ​ချက်​သည် ပို​၍​ကြီး​မြတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​သက်​သေ​ခံ​တော်​မူ​ချက်​သည် မိ​မိ​၏​သား​တော်​နှင့်​ပတ်​သက်​၍​ပေး​ထား​သော​သက်​သေ​ခံ​တော်​မူ​ချက်​ဖြစ်​၏။

10 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ဤ​သက်​သေ​ခံ​ချက်​ကို မိ​မိ​အ​ထဲ​၌​ရ​ရှိ​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သော​သူ​မူ​ကား ကိုယ်​တော်​ကို လိမ်​လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​က မိ​မိ​၏​သား​တော်​နှင့်​ပတ်​သက်​၍ သက်​သေ​ခံ​တော်​မူ​သော​သက်​သေ​ခံ​ချက်​ကို ထို​သူ​သည် မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ်​၏။

11 ထို​သက်​သေ​ခံ​ချက်​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​ပြီး ထို​အ​သက်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​၌​ရှိ​၏​ဟူ​၍ ဖြစ်​၏။

12 သား​တော်​ကို​ရ​ရှိ​သော​သူ​သည် အ​သက်​ကို​ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ​ရှိ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။

13 ဘု​ရား​သ​ခင့်​သား​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​သော​သင်​တို့​ထံ ဤ​အ​ရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​စေ​ရန်​ဖြစ်​၏။

ထိ​ရောက်​သော​ဆု​တောင်း​ချက်

14 ဘု​ရား​သ​ခင်​၌ ငါ​တို့​ထား​ရှိ​သော​ယုံ​ကြည်​စိတ်​ချ​မှု​ကား ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​ကို​တောင်း​လျှောက်​လျှင် ဘု​ရား​သ​ခင်​သည်​နား​ညောင်း​တော်​မူ​၏​ဟူ​၍​ဖြစ်​၏။

15 ငါ​တို့​တောင်း​လျှောက်​သ​မျှ​ကို ကိုယ်​တော်​နား​ညောင်း​တော်​မူ​ကြောင်း ငါ​တို့​သိ​လျှင် ကိုယ်​တော်​ထံ​တောင်း​လျှောက်​ခဲ့​သော​အ​ရာ​များ​ကို ငါ​တို့​ရ​ရှိ​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

16 တစ်​စုံ​တစ်​ယောက်​သည် သေ​ခြင်း​သို့​မ​ပို့​ဆောင်​သော​အ​ပြစ်​မျိုး​ပြု​နေ​သည့် မိ​မိ​ညီ​အစ်​ကို​ကို​တွေ့​လျှင် သူ​သည် ဆု​တောင်း​ရ​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​သို့​မ​ပို့​ဆောင်​သော​အ​ပြစ်​ပြု​နေ​သည့် ထို​ညီ​အစ်​ကို​အား အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​သို့​ပို့​ဆောင်​သော​အ​ပြစ်​မျိုး​ရှိ​၏။ ထို​သို့​သော​အ​ပြစ်​အ​တွက် တောင်း​လျှောက်​ရ​မည်​ဟု ငါ​မ​ဆို​လို။

17 မ​တ​ရား​မှု​ရှိ​သ​မျှ​သည် အ​ပြစ်​ဖြစ်​၏။ သို့​သော် သေ​ခြင်း​သို့​မ​ပို့​ဆောင်​သော​အ​ပြစ်​မျိုး​လည်း​ရှိ​၏။

နိ​ဂုံး

18 ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​သည် အ​ပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​အ​ရှင်​သည် သူ့​ကို​စောင့်​ရှောက်​တော်​မူ​သော​ကြောင့် မာရ်​နတ်​သည် သူ့​ကို​မ​ထိ​ခိုက်​နိုင်။

19 ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ​သည်​ကို​လည်း​ကောင်း၊ ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် မာရ်​နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။

20 ဘု​ရား​သ​ခင်​၏​သား​တော်​သည် ကြွ​လာ​၍ စစ်​မှန်​သော​ဘု​ရား​သ​ခင်​ကို​သိ​ရှိ​နိုင်​သည့် အ​သိ​ဉာဏ်​ကို ငါ​တို့​အား​ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့​ကြောင့် ငါ​တို့​သည် စစ်​မှန်​သော​ဘု​ရား​သ​ခင်​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​တော်​၌​လည်း​ကောင်း ရှိ​ကြ​၏။ ကိုယ်​တော်​သည် စစ်​မှန်​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပြီး ထာ​ဝ​ရ​အ​သက်​လည်း​ဖြစ်​တော်​မူ​၏။

21 သား​သ​မီး​တို့၊ ရုပ်​တု​များ​ကို​ရှောင်​ကြဉ်​ကြ​လော့။

အခန်းကြီး

1 2 3 4 5