1 ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
2 အကယ်၍သာယင်းသို့ဖြစ်လာစေနိုင်မည်ဆို ပါက၊ ကိုးကွယ်ဝတ်ပြုသူတို့သည်တစ်ခါတည်း သန့်စင်၍သွားကြမည်ဖြစ်ရာ မိမိတို့တွင် အပြစ်ရှိနေသေးသည်ဟူ၍မထင်မှတ်ကြ တော့ဘဲယဇ်များကိုပူဇော်ကြတော့မည် မဟုတ်ပေ။-
3-4 ယခုမှာနွားသွေး၊ ဆိတ်သွေးတို့သည်အဘယ် အခါ၌မျှ အပြစ်ဒုစရိုက်များကိုဖယ်ရှား ၍မပေးနိုင်သဖြင့် ယင်းသို့ယဇ်ပူဇော်ခြင်း သည်လူတို့အားနှစ်စဉ်နှစ်တိုင်း မိမိတို့၏ အပြစ်များကိုသာလျှင်သတိရစေသည်။
5 ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။
6 မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။
7 သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊`အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကိုဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏''ဟုလျှောက်ထားတော်မူလေသည်။-
8 ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။-
9 ထိုနောက်``အို ဘုရားသခင်၊ အကျွန်ုပ်သည်အလို တော်ကိုဆောင်ရွက်ရန်ရောက်ရှိလာပါပြီ'' ဟု လျှောက်ထား၏။ ထိုကြောင့်ဘုရားသခင်သည် ယခင်တင်လှူပူဇော်မှုအပေါင်းကိုပယ်ဖျက်၍ ခရစ်တော်၏တင်လှူပူဇော်မှုဖြင့်အစားထိုး တော်မူသည်။-
10 ယေရှုခရစ်သည်ဘုရားသခင်၏အလိုတော် ကိုလိုက်၍ မိမိကိုယ်ခန္ဓာကိုတစ်ခါတည်း အပြီးအပိုင်တင်လှူပူဇော်တော်မူသဖြင့် ငါတို့အပေါင်းသည်သန့်စင်မှုကိုရရှိကြ၏။
11 ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။-
12 သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
13 ဘုရားသခင်သည်မိမိ၏ခြေဖဝါးတော် အောက်သို့ရန်သူများရောက်ရှိလာစေတော်မူ သည်တိုင်အောင်စောင့်ဆိုင်းလျက်နေတော်မူ၏။-
14 ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
15-16 သန့်ရှင်းသောဝိညာဉ်တော်ကလည်း၊``နောင်အခါသူတို့နှင့်ငါပြုမည့်ပဋိညာဉ် များမူကား၊ငါသည်သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်ကိုထည့်သွားမည်။သူတို့၏နှလုံးသားပေါ်တွင်ရေးထားမည်''ဟုဦးစွာပထမသက်သေခံတော်မူ၏။-
17 ထိုနောက်သန့်ရှင်းသောဝိညာဉ်တော်က``သူတို့ ၏အပြစ်များနှင့်ဆိုးသွမ်းမှုများကို ငါသတိ ရတော့မည်မဟုတ်'' ဟုမိန့်တော်မူပေသည်။-
18 ဤသို့အပြစ်များဖြေလွှတ်ခွင့်ရရှိကြသော အခါ အပြစ်ဖြေရာပူဇော်သကာများကိုဆက် သရန်လိုတော့မည်မဟုတ်ပေ။
19 သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။-
20 ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။-
21 ငါတို့တွင်ဘုရားသခင်၏အိမ်ထောင်ကို အုပ်စိုးသည့်ယဇ်ပုရောဟိတ်ကြီးရှိ၏။-
22 သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
23 ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
24 ငါတို့သည်တစ်ယောက်ကိုတစ်ယောက်အလေး ဂရုပြုလျက် ကူညီယိုင်းပင်းလျက်မေတ္တာထား လျက်ကျေးဇူးပြုလျက်နေကြကုန်အံ့။-
25 အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
26 ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
27 ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
28 မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။-
29 ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
30 ``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-
31 အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
32 ယခင်နေ့ရက်များကိုသတိရကြလော့။ ထို စဉ်အခါကသင်တို့သည်ဘုရားသခင် ၏အလင်းတော်ကိုခံယူရရှိပြီးနောက် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားကြ ရသော်လည်းခံနိုင်ရည်ရှိခဲ့ကြ၏။-
33 သင်တို့သည်တစ်ခါတစ်ရံလူတို့ရှေ့တွင် ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံကြရ၏။ တစ်ခါတစ်ရံ အခြားသူတို့ကဲ့ရဲ့ညှဉ်းဆဲခြင်းခံရသော အခါ၌ သင်တို့လည်းပါဝင်ကဲ့ရဲ့ညှဉ်းဆဲ ခြင်းခံရန်အသင့်ရှိကြသည်။-
34 သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
35 သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-
36 ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
37 ``ကြွလာတော်မူမည့်အရှင်သည်အချိန်အနည်းငယ်အတွင်း၌ကြွလာတော်မူလိမ့် မည်။နှောင့်နှေးလျက်နေတော်မူလိမ့်မည်မဟုတ်။
38 ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်''ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-
39 ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။