14 သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။
15 ``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့်ဘုရားကိုပုန်ကန်ကြ၏။သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
16 သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့်ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။
17 သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသောဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
18 သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
19 ``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။
20 ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ငါသည်သူတို့ကိုမကူညီဘဲနေမည်။'ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။