1 ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
2 ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။
3 ထာဝရဘုရားသည်စစ်သူရဲဖြစ်တော်မူ၏။နာမတော်မူကားထာဝရဘုရားဖြစ် တော်မူ၏။
4 ``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
5 ပင်လယ်ရေနက်ကသူတို့ကိုဖုံးအုပ်လျက်သူတို့သည်ကျောက်တုံးကဲ့သို့၊အောက်သို့ စုံးစုံးမြုပ်ကြ၏။
6 ``အို ထာဝရဘုရား၊လက်ယာလက်တော်၏အစွမ်းတန်ခိုးတော် သည် အံ့သြကြောက်မက်ဖွယ်ဖြစ်ပါ၏။လက်ရုံးတော်ဖြင့်ရန်သူကိုချေမှုန်းတော်မူ ပါ၏။
7 ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
8 ကိုယ်တော်သည်ပင်လယ်ရေကိုမှုတ်တော်မူသဖြင့်၊ရေသည်ကြွတက်လာ၍တံတိုင်းကဲ့သို့ တည့်မတ်လျက်နေပါ၏။ပင်လယ်အောက်ခြေသည်လည်းခိုင်မာလျက် နေ၏။
9 ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ငါ၏ဋ္ဌားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။
10 သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
11 အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့်အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
12 ကိုယ်တော်သည်လက်ယာလက်ကိုဆန့်တော်မူ သဖြင့်၊မြေကြီးသည်အကျွန်ုပ်တို့၏ရန်သူတို့ ကိုမျိုပါ၏။
13 ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
14 လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
15 ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။
16 ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့်ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသောကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
17 အို ထာဝရဘုရား၊ကိုယ်တော်သည်သူတို့ကိုခေါ်ဆောင်၍ကိုယ်တော်စံတော်မူရန်ရွေးချယ်သော၊တောင် ပေါ်တွင် နေရာချတော်မူလိမ့်မည်။ကိုယ်တော်တိုင်တည်ဆောက်သောဗိမာန်တော်တွင် နေစေတော်မူလိမ့်မည်။
18 ထာဝရဘုရားသည်ကာလအစဉ်အမြဲ စိုးစံတော်မူလိမ့်သတည်း။''
19 ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
20 အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
21 မိရိအံက၊``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကိုပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
22 ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။-
23 ထိုနောက်မာရဟုခေါ်သောအရပ်သို့ရောက် ရှိလာကြရာ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးထွက်သဖြင့်ထို အရပ်ကိုမာရဟုခေါ်တွင်လေ၏။-
24 သူတို့သည်မောရှေအား``အကျွန်ုပ်တို့ရေငတ် ၍ သေရပါတော့မည်'' ဟုညည်းညူကြ၏။-
25 မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-
26 ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
27 ထိုနောက်သူတို့သည် စမ်းရေတွင်းတစ်ဆယ့် နှစ်တွင်းနှင့်စွန်ပလွံပင်ခုနစ်ဆယ်ရှိရာ ဧလိမ်အရပ်သို့ရောက်ရှိလာကြ၍ရေ ရှိရာအနီးတွင်စခန်းချကြ၏။