1 ထာဝရဘုရားသည်မောရှေအား အောက်ပါ ပညတ်ချက်များကိုမိန့်မြွက်တော်မူ၏။-
2 ``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။-
3 သင်လက်ခံရမည့်လှူဖွယ်ပစ္စည်းများသည် ကား ရွှေ၊ ငွေ၊ ကြေးဝါ၊-
4 ပိတ်ချော၊ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ဆိတ်မွေးအထည်၊-
5 အနီဆိုးသောသိုးထီးသားရေ၊ သားရေချော၊ အကာရှသစ်သား၊-
6 မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
7 ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
8 ငါသည်သူတို့နှင့်အတူနေနိုင်ရန် ငါ့အတွက် တဲတော်ကိုတည်ဆောက်ရကြမည်။-
9 တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
10 ``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
11 သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။-
12 သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
13 အကာရှသစ်သားဖြင့်ထမ်းပိုးများပြုလုပ်၍ ရွှေချထားရမည်။-
14 သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
15 ထမ်းပိုးများကိုကွင်းများမှမထုတ်ရ။ အမြဲလျှိုသွင်းထားရမည်။-
16 ပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။
17 ``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-
18-19 အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
20 ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။-
21 သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
22 ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
23 ``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
24 စားပွဲကိုရွှေချ၍အနားကိုရွှေကွပ်ထားရမည်။-
25 စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။-
26 စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။-
27 ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။-
28 ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။-
29 စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
30 ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။
31 ``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
32 ဆီမီးခုံတိုင်တစ်ဘက်တစ်ချက်မှအလက် သုံးလက်စီ၊ ပေါင်းခြောက်လက်ဖြာထွက်စေ ရမည်။-
33 အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။-
34 ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။-
35 အလက်သုံးစုံတွင်တစ်စုံစီကြား၌ပွင့်ဖူး တစ်ဖူးရှိစေရမည်။-
36 ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။-
37 ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
38 မီးညှပ်နှင့်မီးခံခွက်တို့ကိုလည်းရွှေဖြင့်ပြုလုပ် ရမည်။-
39 ဆီမီးတိုင်နှင့်ကိရိယာတန်ဆာရှိသမျှတို့ ကိုရွှေခုနစ်ဆယ့်ငါးပေါင်အချိန်ဖြင့်ပြု လုပ်ရမည်။-
40 တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။