1 ဤသည်ကားယေရမိထံသို့ထာဝရဘုရား မိန့်ဆိုသောစကားဖြစ်၏။-
2 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
3 အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
4 ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
5 ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
6 မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။အမျိုးသားသည်သားဖွား၍ရနိုင်သလော။သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
7 ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။