19 ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။
20 ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။-
21 မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
22 ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
23 သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
24 ရာသီအလိုက်၊ မိုးဦးမိုးနှောင်းကိုရွာသွန်းစေလျက်၊ နှစ်စဉ်အသီးအနှံရိတ်သိမ်းရာကာလကိုစီမံတော်မူသောငါ့အား သင်တို့မကြောက်ရွံ့မရိုသေကြ။-
25 သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။