1 ထာဝရဘုရားသည်ဗာဗုလုန်မြို့နှင့် ထို ပြည်သူပြည်သားတို့ကိုရည်မှတ်၍ငါ့ အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
2 ``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည်အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
3 ``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
4 ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
5 သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။
6 ``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။-
7 သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။