4 ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
5 သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။
6 ``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။-
7 သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
8 ``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-
9 ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-
10 ဗာဗုလုန်ပြည်သည်လုယက်ခြင်းကိုခံရ လိမ့်မည်။ လုယက်သူတို့သည်လည်း မိမိတို့ အလိုရှိသည့်ပစ္စည်းဥစ္စာမှန်သမျှကိုသိမ်း ယူကြလိမ့်မည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။