1 ငါသည်အသတ်ခံကြသောမိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
2 ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင်သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။
3 သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ထာဝရဘုရားက၊``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက်ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
4 လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
5 သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
6 သူတို့သည်အပြစ်ဒုစရိုက်ကိုမစွန့်ပစ်ကြ။သူတို့သည်လိမ်လည်လှည့်စားကြ၏။ထာဝရဘုရားကမိမိ၏လူမျိုးတော်သည် ကိုယ်တော်အားပစ်ပယ်ကြောင်းမိန့်တော်မူ၏။
7 ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။သူတို့အားငါဆန်းစစ်၍ကြည့်မည်။ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။