ဆာ​လံ 101 BJB

1 ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။

2 စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည်။

3 အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသော သူ၏ အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။

4 သဘောကောက်သော သူသည် ငါ့ထံမှ ထွက်သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။

5 မိမိအိမ်နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သောသူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။

6 သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည်အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။

7 လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။

8 ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း။