ဆာ​လံ 150 BJB

1 သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင်မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။

2 ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။

3 တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။

4 ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာကို မှုတ်လျက်ချီးမွမ်းကြလော့။

5 အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြလော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။

6 အသက်ရှိသော သူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။