ဆာ​လံ 37:26-32 BJB

26 သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့်၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ၏။

27 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။

28 ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။မတရားသောသူ၏ သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။

29 ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။

30 ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။

31 ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။

32 မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။