ယော​ရှု 10:1-7 BJB

1 ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြားသောအခါ၊

2 ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ကြ၏။

3 ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည်၊ ဟေဗြုန်မင်းကြီးဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊

4 ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလအမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊

5 ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်းဟူသော အာမောရိမင်းကြီးငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။

6 ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက်နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှါ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။

7 ယောရှုသည်လည်း၊ စစ်မှု၌ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။