ယော​ရှု 14:3-9 BJB

3 မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။

4 ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတပါး အခြား သောမြေကိုမပေး။

5 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ မြေကို ဝေဖန်ကြ၏။

6 ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။

7 ဤပြည်ကိုစူးစမ်းစေခြင်းငှါ ဘုရားသခင်၏ကျွန်မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။

8 အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။

9 ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။