ယော​ရှု 22:26-32 BJB

26 သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကိုတည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။

27 ငါတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှါ၎င်း၊ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ။

28 နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သားမြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြလော့ဟု ပြန်ပြောစရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။

29 တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတပါး အခြားသောယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။

30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတထောင်စီအုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကိုကြားရသောအခါ အားရကြ၏။

31 ယဇ်ပုရောဟိတ် ဧလာဇာသားဖိနဟတ်ကလည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသောကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်းကို ယနေ့ ငါတို့ သိမြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ်လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့အား ပြောဆိုကြ၏။

32 ထိုအခါ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သိတင်းကြားပြောသဖြင့်၊