ယော​ရှု 24:1-6 BJB

1 တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုးအသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။

2 ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကြ၏။

3 သင်တို့အဘအာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။

4 ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကိုငါပေး၍၊ ဧသောအားလည်း စိရတောင်ကိုအပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။

5 မောရှေနှင့် အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။

6 ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။