ယော​ရှု 5:4-10 BJB

4 ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။

5 ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး။

6 အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။

7 သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။

8 လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။

9 ထားဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။

10 ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင် တပ်ချ၍၊ ထိုလတဆယ်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ၏။