5 အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို၍ ရေကဲ့သို့ ဖြစ်လေ၏။
6 ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7 ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
8 အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။
9 ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10 ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။
11 ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထားလေပြီ။