4 ထိုသခင်သည် ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သောမျက်မှောက်ကာလမှ ငါတို့ကိုကယ်နုတ်ရန် ငါတို့၏အပြစ်အတွက် မိမိကိုယ်ကိုပေးအပ်တော်မူ၏။
5 အဖဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
6 သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
7 ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
8 သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
9 ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
10 အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။