8 သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
9 ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
10 အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
11 ညီအစ်ကိုတို့၊ ငါဟောပြောသည့်ကောင်းမြတ်သောသတင်းသည် လူကဖန်တီးထားသောအရာမဟုတ်ကြောင်း သင်တို့အား ငါသိစေလိုပါ၏။
12 အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။
13 ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊
14 ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။