14 ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။
15 သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။
16 ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
17 သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။
18 သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။
19 ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
20 ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။