8 မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
9 ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။
10 ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
11 ငါသည် မည်မျှလောက်ကြီးသောစာလုံးကို ငါ့လက်ဖြင့် သင်တို့ထံ ရေးလိုက်သည်ကို ကြည့်ကြလော့။
12 ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။
13 အကြောင်းမူကား အရေဖျားလှီးခြင်းကိုခံသောသူတို့သည်လည်း မိမိတို့ကိုယ်တိုင်ပညတ်တရားကိုစောင့်ထိန်းခြင်းမရှိကြပေ။ ထိုသူတို့သည် သင်တို့၏ကိုယ်ကာယ၌ ဝါကြွားနိုင်ရန် သင်တို့အား အရေဖျားလှီးခြင်းကိုခံစေလိုကြ၏။
14 ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။