1 ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
2 ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သောတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
3 မာကေဒေါနိပြည်သို့သွားစဉ်က သင့်ကို ငါတိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း သင်သည် ဧဖက်မြို့၌နေရစ်၍ လူအချို့တို့အား ခြားနားသောဩဝါဒကို မသွန်သင်ကြရန်လည်းကောင်း၊
4 ဒဏ္ဍာရီများနှင့် မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းတို့ကို အာရုံမစိုက်ကြရန်လည်းကောင်း ညွှန်ကြားလော့။ ထိုအရာတို့သည် ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများကိုသာဖြစ်စေ၏။
5 ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
6 လူအချို့တို့သည် ထိုအရာများမှလွဲချော်၍ အကျိုးမဲ့သောစကားပြောဆိုခြင်းဘက်သို့ လှည့်သွားကြပြီ။
7 သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့အခိုင်အမာခံယူထားသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများဖြစ်လိုကြ၏။