7 သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့အခိုင်အမာခံယူထားသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများဖြစ်လိုကြ၏။
8 သို့သော် ပညတ်တရားကို စည်းမျဉ်းစည်းကမ်းနှင့်အညီအသုံးပြုလျှင် ၎င်းသည် ကောင်းမြတ်ကြောင်း ငါတို့သိကြ၏။
9 တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊
10 တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
11 ဤသည်ကား မင်္ဂလာရှိတော်မူသောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်းနှင့် ကိုက်ညီ၏။ ထိုကောင်းမြတ်သောသတင်းကို ငါ့အားယုံကြည်အပ်နှံထားတော်မူပြီ။
12 ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ငါတို့သခင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့ကိုအမှုတော်လုပ်ငန်းအတွက်ခန့်ထား၍ သစ္စာရှိသောသူအဖြစ်မှတ်ယူတော်မူသောကြောင့်ဖြစ်၏။
13 ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။