11 မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။
12 သားသမီးတို့၊ သင်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရပြီဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
13 ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏
14 သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
15 လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ မည်သူမဆို လောကကိုချစ်လျှင် ခမည်းတော်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌မရှိ။
16 အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။
17 လောကနှင့်လောကီတပ်မက်ခြင်းတို့သည် ရွေ့လျားကွယ်ပျောက်သွားမည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။