9 ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက်သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။
10 ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ကိုယ်တော်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
11 ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။
12 သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။
13 ဘုရားသခင့်သားတော်၏နာမတော်ကိုယုံကြည်သောသင်တို့ထံ ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့သည် ထာဝရအသက်ကိုရရှိပြီဖြစ်ကြောင်း သင်တို့သိကြစေရန်ဖြစ်၏။
14 ဘုရားသခင်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ဘုရားသခင်သည်နားညောင်းတော်မူ၏ဟူ၍ဖြစ်၏။
15 ငါတို့တောင်းလျှောက်သမျှကို ကိုယ်တော်နားညောင်းတော်မူကြောင်း ငါတို့သိလျှင် ကိုယ်တော်ထံတောင်းလျှောက်ခဲ့သောအရာများကို ငါတို့ရရှိပြီဖြစ်ကြောင်း ငါတို့သိကြ၏။