2 စာရဲက၊ အကျွန်ုပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
3 ထိုသို့အာဗြံသည် ခါနာန်ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
4 အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။
5 စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု၊ အာဗြံအားဆိုလေ၏။
6 အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှထွက်ပြေးလေ၏။
7 ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့လျှင်၊
8 စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှပြေးလာပါသည်ဟု ဆိုလေ၏။