1 ထိုရောအခါ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
2 သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီးဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီးရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။
3 ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
4 တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။
5 တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့်တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူများကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊
6 စိရတောင်ပေါ်မှာဟောရိလူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
7 တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။
8 ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည်ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။
9 ထိုသို့ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
10 စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သောတွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
11 အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။
12 သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
13 ထိုဘေးမှ လွတ်၍ပြေးသောသူတယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိဿဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သိတင်းကြားပြောလေ၏။
14 အာဗြံသည် မိမိအစ်ကိုသားကို ဘမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သောလူသုံးရာတဆယ်ရှစ်ယောက်တို့ကိုစီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
15 ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင်လိုက်ပြန်လေ၏။
16 ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများနှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
17 ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။
18 အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊
19 ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသောဟု၊ အာဗြံကိုကောင်းကြီးပေး၍၊
20 သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့တဘို့လှူလေ၏။
21 သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊
22-24 အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာကို၎င်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဘို့ကိုယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ၊ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။