1 ယာကုပ်၏မယား၊ လေအာဘွားမြင်သောသမီးဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှုသွားရာတွင်၊
2 ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဘော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။
3 နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။
4 ခမည်းတော်ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ပေးတော်မူပါဟု လျှောက်ဆို၏။
5 ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ကိုငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
6 ထိုနောက်၊ ရှေခင်အဘဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါလာ၍၊
7 ယာကုပ်၏သားတို့လည်း သိတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
8 ဟာမော်မင်းလည်းသူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။
9 သင်တို့သည် ငါတို့နှင့်အချင်းချင်းထိမ်းမြားခြင်းကိုပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်းစုံဘက်ကြလော့။
10 သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။
11 ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။ တောင်းသမျှကိုပေးပါမည်။
12 ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင်ပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။
13 ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊
14 ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်းဖြစ်ပါ၏။
15 သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။
16 သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ်ကြလိမ့်မည်။
17 သို့မဟုတ် ကျွန်ုပ်တို့စကားကိုနားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
18 ထိုစကားကိုဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊
19 ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ၏။
20 ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊
21 အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။
22 သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်းအရေဖျားလှီးမင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည်ငါတို့တွင်နေ၍ တမျိုး တည်းဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။
23 သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင်နေကြလိမ့်မည်ဟု၊
24 ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည်နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။
25 ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
26 ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနှုတ်ယူ၍ ပြန်သွားကြ၏။
27 မိမိတို့နှမရှုတ်ချခြင်းကိုခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
28 သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊
29 သူတို့သားမယား၊ သူငယ်အပေါင်းကို၎င်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
30 ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက်အားနည်းသောကြောင့်၊ သူတို့သည်စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အားဆိုလေသော်၊
31 သူတို့က၊ ငါတို့နှမကိုပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။