11 အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
12 ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင်လော့။
13 ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။
14 လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်ရှိသည်ဟု သမက်တို့ ထင်ကြ၏။
15 မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊
16 သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနားတော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့် သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။
17 ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။