19 ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။
21 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
22 ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။
23 လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
24 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။