29 ခါနာန်ပြည်အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
30 ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
31 ကျွနု္်ပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့်မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
32 တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ်နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33 ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊
34 အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။