17 ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။
18 ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
19 သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊
20 ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်းကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည်သူ့ကိုချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊
21 ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။
22 ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်လေသော်လည်း၊
23 ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။