9 ထာဝရဘုရား၏အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာဖြစ်သတည်း။
10 လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သောတောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
11 ရွှေလင်းတသည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊
12 ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှမရှိ။
13 မြေကြီးပေါ်မှာမြင့်မြတ်သောအရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကို၎င်း၊ မီးပါကျောက်ထဲကဆီကို၎င်း၊
14 သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီးဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကိုသောက်ရ၏။
15 သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန်လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက်နေသဖြင့်၊ ဖန်ဆင်းတော်မူသောဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင်ပြုလေ၏။