တ​ရား​ဟော 29 BJB

1 ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှတပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။

2 တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည်တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊

3 ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသောစုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူးဆန်းသောတန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။

4 သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည်ပေးတော်မမူသေး။

5 အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသောခြေနင်းလည်း မပျက်။

6 သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။

7 သင်တို့သည် ဤအရပ်သို့ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊

8 သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်၌ ပေးလေ၏။

9 သို့ဖြစ်၍ သင်တို့ပြုလေရာရာ၌ အောင်နိုင်မည်အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ကျင့်ကြလော့။

10-13 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာ၎င်း၊ သင့်ကို ကိုယ်တော်၏လူမျိုးအရာ၌ ယနေ့ခန့်ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင်ဖြစ်တော်မူစေခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။

14 ထိုမှတပါးဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့်သာ ငါပြုသည်ထက်မက၊

15 ငါတို့ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါသောသူတို့နှင့်၎င်း ငါပြု၏။

16 သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဘော်သောသူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့သိကြ၏။

17 သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။

18 ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သောသဘောရှိလျက်၊ ထိုလူမျိုးတို့၏ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင်ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊

19 ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။

20 ထိုသူကို ထာဝရဘုရားနှမြောတော်မမူ။ အပြစ်ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုဃ်းကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။

21 ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။

22 သူ့နေရာအရပ်၌ ထာဝရဘုရားဒဏ်ခတ်တော်မူသော၊

23 အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊

24 ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော်အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊

25 သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊

26 အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာကိုမျှ မပေးသော အခြားတပါးသောဘုရားတို့အား ဝတ်ပြုကိုးကွယ်ကြသောကြောင့်၎င်း၊

27 ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊

28 ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

29 မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34