တ​ရား​ဟော 7 BJB

1 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်သွား၍ဝင်စားလတံ့သောပြည်သို့ သင့်ကိုဆောင်သွင်းလျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့်များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံကနှင်ထုတ်၍၊

2 တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကိုလုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကိုမပြရ။

3 သူတို့နှင့် စုံဘက်ခြင်းကိုမပြုရ။ သင်၏သမီးကိုသူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။

4 အကြောင်းမူကား၊ သူတို့သည် သင်၏သားကိုငါ၌မဆည်းမကပ်စေဘဲ၊ အခြားတပါးသောဘုရားအားဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်းဖျက်ဆီးတော်မူလိမ့်မည်။

5 သို့ဖြစ်၍၊ သူတို့၌အဘယ်သို့ပြုရမည်နည်းဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကိုဖြိုချရမည်။ အာရှရပင်များကိုခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကိုမီးရှို့ရမည်။

6 အကြောင်းမူကား၊ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ်တော်မူပြီ။

7 သင်သည်အခြားသောလူမျိုးထက် သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။

8 ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောအကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသောလက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။

9 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကိုပြသောဘုရား၊

10 ကိုယ်တော်ကို မုန်းသောသူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကိုအားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။

11 သို့ဖြစ်၍ ယနေ့ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်ရမည်။

12 ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာနားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်တော်မူမည်။

13 သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို၎င်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေးတော်မူမည်။

14 သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းကြီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။

15 ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသောအဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။

16 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကိုဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ ဘုရားအားဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းဖြစ်လိမ့်မည်။

17 ထိုလူမျိုးတို့သည်ငါ့ထက်သာ၍များ၏။ ငါသည်သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည်စိတ်ထဲမှာအောက်မေ့လျက်၊

18 သူတို့ကိုမကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်တပြည်လုံး၌ ပြုတော်မူသောအမှုကို၎င်း၊

19 ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ဘုရားသခင် ထာဝရဘုရားပြုတော်မူမည်။

20 ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေသောသူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင်စေလွှတ်တော်မူမည်။

21 သူတို့ကြောင့် ထိတ်လန့်ခြင်းမရှိရ။ အကြောင်းမူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင်ရှိတော် မူ၏။

22 သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံကတရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌များပြားမည်ကို စိုးရိမ်၍၊ သူတို့ကိုချက်ခြင်းမပယ်မရှားသင့်။

23 သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကိုသင်၌အပ်၍၊ သူတို့မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသောပျက်စီးခြင်းကို စီရင်တော်မူမည်။

24 သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှာပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ရာ။

25 သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင်အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။

26 စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သော အရာပင်ဖြစ်ပေ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34