1 တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။
2 သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
3 ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
4 ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသောကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
5 ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဘို့၊
6 ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သောကျောက်တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။
7 မိဿဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ ပျော်မွေ့ခြင်းကို ပြုရမည်။
8 ထိုကျောက်ပေါ်မှာ ဤတရားစကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ၏။
9 တဖန်မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။
10 သို့ဖြစ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ရမည်။ ယနေ့ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
11 တဖန်မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊
12 သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။
13 ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။
14 ထိုအခါ လေဝိသားတို့သည်ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရသော စကားဟူမူကား၊
15 ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
16 မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
17 အိမ်နီးချင်း၏ မြေမှတ်တိုင်ကိုရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
18 မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
19 တရားတွေ့ခြင်းအမှုမှာ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
20 အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
21 တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
22 အဘ၏ သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
23 မယား၏အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
24 အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
25 အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
26 ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။